လက်ရှိတင်ထားသမျှ ဘလော့ပိုစ့်ခေါင်းစဉ်များ

8/03/2013

ငလျင်ကြီးများနှင့် အနာဂတ်ကမ္ဘာ

ပြင်းထန်သော ငလျင်ကြီးများသည် လူနေ အဆောက်အအုံများကို ပြိုကျစေခြင်း၊ မြေပြိုမှုများ ပေါ်ပေါက်စေခြင်း၊ ဆိုးရွားသည့် ဆူနာမီရေလှိုင်း ရိုက်ခတ်မှုများ ပေါ်ပေါက်စေခြင်းတို့အပြင် အခြားသော ဖြစ်နိုင်ခြေ ဆိုးကျိုး သက်ရောက်မှုအဖြစ် မီသိန်းဓာတ်ငွေ့များကိုပါ တိုးပွားလာစေနိုင်
ကမ္ဘာပေါ်တွင် လှုပ်ခတ်နေသည့် ငလျင်ကြီးများသည် အနာဂတ်ကာလ ကမ္ဘာ့ပတ်ဝန်းကျင်၊ ရာသီဥတု အပြောင်းအလဲ အတွက်ပါ သွယ်ဝိုက် သက်ရောက်နိုင်ခြေ ရှိနေကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ ပြင်းထန်သော ငလျင်ကြီးများသည် လူနေ အဆောက်အအုံများကို ပြိုကျစေခြင်း၊ မြေပြိုမှုများ ပေါ်ပေါက်စေခြင်း၊ ဆိုးရွားသည့် ဆူနာမီရေလှိုင်း ရိုက်ခတ်မှုများ ပေါ်ပေါက်စေခြင်းတို့အပြင် အခြားသော ဖြစ်နိုင်ခြေ ဆိုးကျိုး သက်ရောက်မှုအဖြစ် မီသိန်းဓာတ်ငွေ့များကိုပါ တိုးပွားလာစေနိုင်ကြောင်း သိရသည်။



ငလျင်များကြောင့် ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်အောက်မှ မီသိန်းဓာတ်ငွေ့များ ထွက်ပေါ်လာတတ်ရာ ယင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်ချိန်တွင် ကမ္ဘာ့ရာသီဥတု ပတ်ဝန်းကျင်ကို အတန်ငယ် အပြောင်းအလဲ သက်ရောက်မှုမျိုး ရှိစေနိုင်မည်ဟု ပညာရှင်များက ယုံကြည်နေကြသည်။ ဥရောပမှ သုတေသီများက Nature Geoscience ဂျာနယ်တွင် ၎င်းတို့၏ တွေ့ရှိချက်ကို ရေးသားထားရာ ငလျင်ကြီးများသည် မီသိန်းဓာတ်ငွေ့များကို ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်အောက်မှ ပေါ်ထွက်လာစေတတ်ကြောင်း အတည်ပြု ဖော်ပြထားသည်။





ပါကစ္စတန် ကမ်းလွန်တွင် လွန်ခဲ့သော နှစ်ပေါင်း (၇၀)ခန့်က လှုပ်ခတ်ခဲ့သည့် ရေအောက်ငလျင် တစ်ခုသည် အလားတူ သက်ရောက်မှု ဖြစ်စေဖူးကြောင်း သုတေသီများက ဆိုသည်။ ငလျင်ကြောင့် ရေအောက်ကြမ်းပြင် အက်ကြောင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး မီသိန်းဓာတ်ငွေ့များ ထွက်ပေါ်ရာ လမ်းကြောင်းသစ်တစ်ခု ပေါ်ပေါက်လာကြောင်း သိရသည်။ "အနာဂတ်ကာလ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲနဲ့ ပတ်သက်ပြီး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်မယ်ဆိုရင် နောက်ထပ် ဖြစ်နိုင်ခြေ ရင်းမြစ်တစ်ခုကို ထည့်စဉ်းစားဖို့ လိုနေပြီ"ဟု ဂျာမနီနိုင်ငံ၊ ဘရီမင်တက္ကသိုလ်မှ ဒေါက်တာ ဒေးဗစ် ဖစ်ချားက ပြောကြားခဲ့သည်။



မီသိန်းဓာတ်ငွေ့သည် အော်ဂင်းနစ် ပစ္စည်းများ ပုပ်ပွပျက်စီးရာမှ ထွက်ပေါ်လာတတ်ပြီး ကမ္ဘာ့ပင်လယ် ကြမ်းပြင်အောက် နေရာအနှံ့အပြားတွင် ဓာတ်ငွေ့သိုက်များအဖြစ် နစ်မြုပ် တည်ရှိနေသည်။ သို့သော်လည်း အေးခဲသည့် ဓာတ်ငွေ့ ဟိုက်ဒရိတ် အလွှာများက သဘာဝအလျှောက် ခိုင်ခိုင်မာမာ တားဆီး ကာကွယ်ထားသဖြင့် မီသိန်းဓာတ်ငွေ့များသည် လွတ်လပ်စွာ ထွက်ပေါ်လာခြင်း မရှိနိုင်ချေ။ အကယ်၍ ငလျင်ကြီးများက ဟိုက်ဒရိတ် အလွှာများကို ဖျက်ဆီးလိုက်လျှင် ဓာတ်ငွေ့များ ထွက်ပေါ်လာနိုင်ခြင်းဟု ပညာရှင်များက ပြောကြားထားသည်။



ဒေါက်တာဖစ်ချားနှင့် အဖွဲ့သည် (၂၀၀၇)ခုနှစ်က အာရေးဘီးယားပင်လယ် မြောက်ပိုင်းဒေသရှိ နေရာနှစ်ခုမှ အနည်အနှစ်များကို ရယူလေ့လာခဲ့သည်။ ယင်းနေရာများတွင် ဟိုက်ဒရိတ် အလွှာများ ဖြစ်တည်နေသည်။ ဓာတုဗေဒ ပညာရပ်ဆိုင်ရာ အထောက်အထားများအရ ယင်းဒေသတွင် (၂၀)ရာစုလယ် ကာလများက မီသိန်းဓာတ်ငွေ့များ အင်အားကောင်းကောင်း စီးထွက်ခဲ့ဖူးကြောင်း ဒေါက်တာဖစ်ချားတို့ သုတေသီများက ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ (၁၉၄၅)ခုနှစ်က လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး (၈.၁) အဆင့်ရှိ ငလျင်ကြီးနှင့် ဆက်နွယ်နေကြောင်းလည်း ၎င်းတို့က ဆိုသည်။ ငလျင်သည် ဗဟိုချက်မှနေ၍ (၁၅)မိုင်ပတ်လည် နေရာကို ပြင်းထန်စွာ သက်ရောက်ခဲ့ပြီး ဆူနာမီ ရေလှိုင်းများပါ ဖြစ်ပေါ်ခဲ့သည်။ ထိုငလျင်ကြောင့် လူ(၄၀၀၀)ကျော် သေဆုံးခဲ့သည်။



ဒေါက်တာဖစ်ချားက "ငလျင်ကြောင့် ဓာတ်ငွေ့ ဟိုက်ဒရိတ် အနည်ကျလွှာက ပွင့်ထွက်သွားတယ်။ ရေအောက် လွတ်ထွက်လာတဲ့ မီသိန်း ဓာတ်ငွေ့တွေဟာ ရေမျက်နှာပြင် အထက်ထိ ရောက်လာတယ်။ အကျိုးဆက်က ရှောင်လွှဲလို့ မရဘူးလေ။ ဟိုက်ဒရိတ်အလွှာဟာ သူ့အလိုလိုတော့ အရည်မပျော်နိုင်ဘူး။ ခုချိန်ထိ အဲဒီနေရာမှာ ဟိုက်ဒရိတ် စုဖွဲ့မှုတွေ ရှိနေတုန်းပဲ"ဟု ရှင်းပြခဲ့သည်။ ယနေ့အချိန်ထိ အထက်သို့ ဆန်တက် ထွက်ပေါ်လာသည့် မီသိန်းဓာတ်ငွေ့ လမ်းကြောင်းမှာ တည်မြဲနေဆဲဖြစ်ပြီး ယင်းကို မည်သို့မည်ပုံ ရပ်တန့်စေနိုင်မည်ကို ပညာရှင်များက နည်းလမ်း မရှာနိုင်သေးချေ။ ထိုနေရာ တစ်ခုတည်းတွင်ပင် ယနေ့အချိန်ထိ မီသိန်းဓာတ်ငွေ့ ကုဗကိုက် (၁၀)သန်းနီးပါးမျှ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်ဟု သုတေသီများက ယုံကြည်ထားသည်။



နယူးဟမ့်ရှိုင်းယား တက္ကသိုလ်မှ ဘူမိဒေဗ ပရော်ဖက်ဆာ ဒေါက်တာ ဂျိုဝဲလ်ဂျွန်ဆင်ကလည်း ယခုသုတေသ ရလဒ်ကို ထောက်ခံခဲ့သည်။ ၎င်းသည် အဆိုပါ သုတေသနအဖွဲ့တွင် မပါဝင်ခဲ့ချေ။ "ကျွန်တော်တို့ နီးနီးကပ်ကပ် လေ့လာသင့်တဲ့ အခြေအနေ တစ်ခုပဲ။ (၁၉၄၅)ခုနှစ်က ငလျင်ကြီး တစ်ခုဟာ မီသိန်းဓာတ်ငွေ့ လမ်းကြောင်းတစ်ခုကို စဖွင့်ခဲ့ပြီး ဒီနေ့ထိ တည်မြဲနေတယ်ဆိုရင် ကြားထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်တယ်။ ဒီနေရာမှာ မေးခွန်းတစ်ခုက အဲဒီမီသိန်း ဓာတ်ငွေ့တွေ လေထုထဲ ဘယ်လောက်များများ ရောက်နေပြီလဲ ဆိုတာပါပဲ"ဟု ဒေါက်တာ ဂျွန်ဆင်က ဆိုသည်။



၎င်းက အလွန်များပြားသော မီသိန်းဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲ ရောက်လာပြီး ပတ်ဝန်းကျင် ရာသီဥတုကို ကာလတိုအတွင်း ဆိုးကျိုး သက်ရောက်စေနိုင်သည့် အခြေအနေမျိုးကိုမူ စိုးရိမ်စရာ မရှိကြောင်း ပြောကြားခဲ့သည်။ "အဓိက အချက်ကတော့ မီသိန်းဓာတ်ငွေ့ဟာ ပင်လယ်ကြမ်းပြင်ကနေ လွတ်ထွက်လာရင် ရေမျက်နှာပြင်ပေါ် မရောက်သေးခင် အတောအတွင်း ဆားငန်ရေထဲမှာ ပမာဏ များများစားစား ပျော်ဝင်သွားတတ်တာကြောင့်ပါ"ဟု ၎င်းက ရှင်းပြခဲ့သည်။

http://www.planet.com.mm/news/read.cfm/id/21395

http://internetkabar.blogspot.com/2013/08/blog-post.html

0 comments:

Post a Comment

 
မိသားစုအိမ်လေး မှ နွေးထွေးစွာကြိုဆိုပါတယ် ၊ ဒီဘလော့ကိုရောက်ရှိခဲ့သူများ မိမိတို့ဘလော့အတွက် တစ်ခုခုတော့ရသွားလိပ်မယ်လို့မျှော်လင့်မိပါတယ် ။ http://familyeainlay.blogspot.com/